ကွတ်ခိုင် မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့ (၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီ အဖွဲ့များကမုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်နှင့် ရှောင်ရှာင်းသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်နှင့် ရှောင်ရှာင်းသင့်သည့် အချက်များ၊ မုန်တိုင်းအရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ စသည့်အကြောင်း အရာများအား ပြည်သူလူ ထုအား အသိပညာပေးရန် သက်ဆိုင်ရာအလိုက် ဆွေးနွေးသွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာပြီးသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဖြစ်ပွားချိန်နှင့်ဖြစ်ပွားပြီးချိန်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်အတိုအတွင်း ထိထိရောက်ရောက်အကောင်ထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးနှင့်ပြန်ကြားရေးအဖွဲ့၊ အရေးပေါ်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့၊ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်း အဖွဲ့၊ ပျက်စီးမှုပမာဏ သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေး လုပ်ငန်းအဖွဲ့၊ ပျက်စီးဆုံးရှုံးမှု အတည်ပြု ရေးလုပ်ငန်းအဖွဲ့၊ ပို့ဆောင်ရေးနှင့် လမ်းကြောင်းရှင်း လင်းရေးလုပ်ငန်းအဖွဲ့၊ အရေးပေါ်ယာယီခိုလှုံနေရာ ဆောင်ရွက်ပေးရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၊ လုံခြုံရေးလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းအဖွဲ့နှင့် ကွပ်ကဲရေးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)