နမ့်ဆန် အောက်တိုဘာ ၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နှင့် ဝေးလံခေါင်ဖျားမှာရှိသည့် လျှပ်စစ်မီးမရှိသော ကျေးရွာများကို ယမန်နေ့က ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ AD) ဦးဖုန်းမြင့်တို့က ကွင်းဆင်း သွားရောက်ပြီး ဆိုလာမီး (၄၇)စုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စု ကြက်သေကျေးရွာ (ကိုက်တိုင်ကျေးရွာ)ရှိ မိဘပြည်သူများကို ဆိုလာမီး(၄၆)စုံနှင့် ကျောက်ဖြူလေး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်အတွက် ဆိုလာမီး(၁)စုံ စုစုပေါင်း(၄၇)စုံတို့ကို ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ AD) ဦးဖုန်းမြင့်တို့က သက်ဆိုင်ရာ ကျေးရွာမိဘပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာကျေးရွာမိဘပြည်သူတို့က မိမိတို့ရွာ၏လိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီးရရှိစေရန် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)