ကျောက်မဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်မဲ မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်ရေး၊ မုန်တိုင်းတိုက်ခတ်ကျရောက် ပြီးနောက် ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီမံရမည့် လုပ်ငန်းများအား ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)