နမ့်ဆန် မေ ၁၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြင့်တင်နိုင်ရန်အတွက် မေလ ၉ ရက်နေ့ နံနက်(၁၀)နာရီအချိန်က (Bool Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ (Book Club) အဖွဲ့ဝင် ဦးရဲလင်းကိုမှ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်မှ “အောင်မြင်စေလိုရင် အများနှင့်ပြေလည်အောင် ဆက်ဆံတက်ပါစေ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ “လောကမှာ တကယ်တော်တဲ့သူဟာ အများနဲ့ ဆက်ဆံရေး ပြေပြစ်သူ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို အများက လုပ်ချင်လာအောင် စည်းရုံးနိုင်တဲ့သူဖြစ်ရမယ်။ ဘာဘဲလုပ်လုပ် တစ်ယောက်တည်း ကုန်းကျုံးလုပ်နေတိုင်း တော်တယ် မမှတ်လိုက်နဲ့” ဟူ၍ အလုပ်လုပ်ရာမှာ ဆက်ဆံရေးသည် အဓိကကျကြောင်း ဆွေးနွေးခဲ့ပြီး၊ (Youth Club) အဖွဲ့ဝင် ဒေါ်ခြူးသီရီနွယ်က စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်မှ “အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ “စီးပွားရေး လူမှုရေး စသည့် မည်သည့်နယ်ပယ်များတွင်မဆို အလုပ်အပေါ်ကို စေတနာပါပါဖြင့် လုပ်ကိုင်သင့်ပါကြောင်း၊ အလုပ်ကောင်းမှ ကံကောင်းမည်၊ စေတနာကောင်းမှလည်း အလုပ်ကောင်းမည်၊ အလုပ်အပေါ်ကို စေတနာပေါင်းထည့်၍ လုပ်မည်ဆိုပါက မိမိ၏ ရည်ရွယ်ချက် အောင်မြင်မည်ဟူ၍ အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး၊ (Book Club) အဖွဲ့ဝင် ဦးမောင်မောင်အေးမှ “အလုပ်ဆိုတာ အင်အားပါ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်စုပွင့်လှိုင်မှ “အလုပ်လုပ်တဲ့နေရာမှာ တော်ရုံတက်ရုံနဲ့မလုံလောက်ပါဘူး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ (Youth Club) အဖွဲ့ဝင် ဒေါ်သက်ထားပိုင်မှ “အလုပ်လုပ်သည့်နေရာတိုင်းတွင် လျော့ရဲသည့် အကျင့်မကျင့်မိပါစေနှင့်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်ခိုင်ပြုံးရီမှ “အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနှင့်” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော စာအုပ်၊ စာစောင်များကို ပြသထားလျက်ရှိရာ (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ပရိတ်သတ်များက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာပေး (Talk Show)များ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)