ပုဗ္ဗသီရိ မေ ၁၁
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာတင်ထွဋ်သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု ပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်း အမှတ် (၁၆၂၃ က) အတွင်း၌ နေကြာမျိုးစေ့ (၇) မျိုးစမ်းသပ်စိုက်ပျိုးထားသည့် နေကြာစိုက် ခင်းဖြစ်ထွန်းမှုတို့အား လေ့လာနိုင်ရေး ဇေယျာသီရိမြို့နယ်မှ တောင်သူများကို ဖိတ်ကြား၍ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိူးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာ တင်ထွဋ်၊ နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူးဦးစိုးနိုင်၊ နေပြည်တော်တိုင်း စက်မှု့လယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ ဇေယျာသီရိ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဇေယျာသီရိမြို့နယ်မှ တောင်သူ ၁၀၀ ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာတင်ထွဋ်က ဥတ္တရသီရိမြို့နယ် တောင်သူများနှင့်တွေ့ဆုံ၍ နေကြာစိုက်ပျိုး ဖြစ်ထွန်းမှု၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမှုနှင့် မြေသြဇာကျွေးမွေးမှုစနစ်တို့အား အကျယ်တဝံ့ရှင်းလင်းခဲ့ပြီး နွေစပါးကို စနစ်တကျဂရုစိုက်၍ စိုက်ပျိုးရန်မှာ ကြားခဲ့သည်။ ထို့နောက်တောင်သူများမှ စိုက်ပျိုးဖြစ်ထွန်းနေသော နေကြာစိုက်ခင်းများအား ကြည့်ရှုလေ့လာခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စုပင်လောင်းလမ်းမကြီး တောင်ဘက်ကွင်းအမှတ် (၁၆၂၃ က) အတွင်း၌ နေကြာမျိုးစေ့ (၇) မျိုးစမ်းသပ်စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း ဖြစ်ထွန်းမှုတို့အား ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များမှ တောင်သူများမှ လာရောက်လေ့ လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)