သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေး ချီ​ဖွေမြို့နယ်၌ ကျင်းပ

ချီဖွေ မေ ၁၁

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သည့် အန္တရာယ်နှင့် မိုးသည်းထန်စွာရွာသွန်းလျှင် ရေကြီးနစ်မြုပ်မှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဘေးလွတ်ရာ နေရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး၊ သောက်သုံးရေနှင့် အစားအစာ၊​ ဆေးဝါးလုံလောက်စွာရရှိစေ ရေး၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုမရှိစေရေး၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်‌‌ရေး လုပ်ငန်းများကို ဆောင်ရွက်ထားကြရန် ရှင်းလင်းပြောကြား သည်။ ယင်းနောက် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စန်းအောင်၊ ဆော်လော့မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလရော်တို့က သက်ဆိုင်ရာအလိုက် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာပါက အမြဲအသင့်ရှိရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မုန်တိုင်းဖြစ် ပေါ်ပါက အဆက်အသွယ်ရရှိရေး၊ ရှာဖွေကယ်ဆယ်‌ ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ဌာဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအ​ဝေးသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်​ရောက်ခဲ့ကြသည်။

ယော်ကိ(ပြန်/ဆက်)