တောင်ပြိုလက်ဝဲမြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်ပြိုလက်ဝဲ မေ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ဘင်္ဂလားပင်လယ်အော် အခြေအနေနှင့် ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ ညနေပိုင်းက လူစည်ကားရာနေရာများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်း၍ လူစည်ကားရာနေရာများသို့ သွားရောက်၍ ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏ အခြေအနေ၊ ဦးတည်ရွေ့လျားရာ လမ်းကြောင်းနှင့် ရာသီဥတု အခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

သိန်းနိုင် (ပြန်/ဆက်)