မရမ်းကုန်း မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မေလဒုတိယအပတ်အတွင်း ဖြစ်ပေါ်လာနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့ညပိုင်းမှစ၍ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသတိပေးချက် အသိပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိရပ်ကွက် နေပြည်သူများအနေဖြင့် တိုက်ခတ်နိုင်သည့် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင် သတိပြုနိုင်စေရေးအတွက်လည်းကောင်း၊ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်း၍ သတိပေးထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ရပ်ကွက်များတွင် တာဝန်ရှိသူများက အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန် / ဆက်)