မြန်မာနိုင်ငံအလှကုန်အသင်း၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန် မေ ၁၁

ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့် မြန်မာနိုင်ငံအလှကုန်အသင်း၏ ပဥ္စမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအလှကုန်အသင်းကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ASEAN Cosmetics Association ၏ အသင်းဝင်လည်းဖြစ်ပြီး အသင်းဝင်များမှာ ပြည်တွင်းအလှကုန်ထုတ်လုပ်သူများ၊ ပြည်ပနိုင်ငံ အသီးသီးမှ အလှကုန်ပစ္စည်းတင်သွင်းသူများ၊ အလှကုန်ပစ္စည်းလက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ အလှအပရေးရာဆိုင်ရာကဏ္ဍနှင့် ဆက်စပ်သည့်လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ပြည်တွင်း အလှကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များ ပါဝင်ကြသည်။

မြန်မာနိုင်ငံအလှကုန်အသင်း၏ ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့သစ်၏ ပထမနှစ်လှုပ်ရှားမှုများ နှင့်အသင်း၏ရှေ့လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအလှကုန်အသင်းဥက္ကဋ္ဌ ဒေါက်တာစုလှဟန်က ဖတ်ကြားတင်ပြပြီး UMFCCI MSME Fair 2023 တွင်လည်း မြန်မာနိုင်ငံအလှကုန်အသင်းမှ အသေးစား၊ အငယ်စား၊ အလတ်စား ပြည်တွင်းအလှကုန်ထုတ်လုပ်သူလုပ်ငန်းရှင်များကို ဈေးကွက်ချိတ်ဆက်မှုရရှိနိုင်စေရေးအတွက် ဖိတ်ခေါ်ပြသစေခဲ့ပါကြောင်း၊ အလှကုန်ကဏ္ဍ ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများ၊ ကုန်သည် စက်မှုအသင်းချုပ်တို့နှင့်လည်းကောင်း၊ မြန်မာနိုင်ငံအလှကုန် အသင်းသူ/ အသင်းသားများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ပြီး မိမိအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း

ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အလှကုန်လုပ်ငန်းကဏ္ဍသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှသည် အကြီးစားလုပ်ငန်းများအထိ ဝင်ရောက် လုပ်ကိုင်နိုင်သော အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ မကြာသေးမီကပင် အသင်းချုပ်က စီစဉ်ကျင်းပခဲ့သည့် UMFCCI MSME Fair 2023 တွင်လည်း ပြခန်းပေါင်း (၁၂၀) ဖြင့် ပြသခဲ့ရာ အလှကုန်ကဏ္ဍမှလည်း အများအပြားပါဝင်ပြသခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း MSME များ၏ တီထွင်ဖန်တီးမှု၊ ထုတ်ပိုးမှုပုံစံများကို ပြောင်းလဲထားသည်ကိုလည်း တွေ့ရှိခဲ့ရပြီးအသင်းချုပ်အနေဖြင့် များစွာဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင်အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းကို မြန်မာနိုင်ငံအလှကုန်အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်စန္ဒာဗိုလ်က ဖတ်ကြားအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံအလှကုန်အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇော်ကို ကနိဂုံးချုပ်အမှာစကားပြောကြား၍ ပဥ္စမအကြိမ်မြောက်နှ စ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)