ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော မေ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက မိုးဦးကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများလျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါးစေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြစ်ချောင်းနှင့် ပင်လယ် ကမ်းနားတစ်လျှောက် နေထိုင်ကြသည့်ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေးကြိုတင်အသိပေးထားရှိရန်၊ လူဦးရေနှင့်တိရိစ္ဆန်များကို စာရင်းကောက်ထားရှိရန်၊ ဘေးလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးယာဉ်များ၊ ရေကြောင်းသတိပေးချက်များကို မြို့နယ်တွင် ဖွင့်လှစ်ထားသည့် command post အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ဆေးကုသခန်းများဖွင့်လှစ် ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိရေး၊ သဘာဝဘေးဖြစ်ပွားမှုအခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တို့ကိုဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအစီအမံများအား ဆွေးနွေး​ကြရာ တင်ပြချက်များအပေါ်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)