တောင်ပြိုလက်ဝဲမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးနှိုးဆော်

တောင်ပြိုလက်ဝဲ မေ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများထံသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သတိပေး နှိုးဆော်ခြင်းကို ယနေ့၊ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မေလ(၁၀) ရက်နေ့ ယနေ့မြန်မာစံတော်ချိန် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖီအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် (၇၁၀) မိုင်ခန့်၊ အိန္တိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ထားရှိသည်။

သို့ဖြစ်ပါ၍ (၁၄-၅-၂၀၂၃)ရက်နေ့တွင် အရှေ့မြောက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားရှိပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)