မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် ဖူးစားပြောင်းစိုက်ပျိုးသူများ ခူးဆွတ်ရောင်းချရာတွင် စျေးကောင်းရ၍ အဆင်ပြေ

မိုးနဲ မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူ ဦးဝင်းဌေး၏ ယာခင်း၌ ရောင်စုံ ရှမ်းပြောင်းခေါ် ဖူးစားပြောင်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရာ ခူးဆွတ်ရောင်းချနေရပြီး စျေးကောင်းရရှိနေကြောင်း သိရသည်။

အဆိုပါ ဖူးစားပြောင်းများကို ဖေဖော်ဝါရီလအစောပိုင်းတွင် စတင်စိုက်ပျိုးထားခဲ့ပြီး အပင်ပေါင်း ၁၀၀ ကျော် တစ်ပေခြား ခန့်မှန်းစိုက်ပျိုးထားခဲ့ကြောင်း၊ နွားချေးမြေသြဇာကို ထည့်သွင်းစိုက်ပျိုးပြီး ပုလဲမြေသြဇာကို ပတ်ဖြန်းပေးခဲ့ကြောင်း၊ ပေါင်းသင်မြေဆွပေးခဲ့ပြီး ချောင်းနံဘေးတွင် ယာခင်းရှိသည့်အတွက် ရေလုံလောက်စွာရရှိ၍ အပင်များဖြစ်ထွန်းကြောင်း၊ ယခုအချိန်တွင် ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း၊ ယာခင်းအတွင်း ကျပ် ၁၀၀၀ လျှင် ၅ ဖူး ဖောက်သည် လာယူသူများလည်းရှိကြောင်း၊ မိမိကိုယ်တိုင်လည်း မြို့မစျေးကြီးတွင် ပြုတ်၍ ၃ ဖူး ကျပ် (၁၀၀၀)၊ အဖူးကြီးလျှင် ၅ ဖူး ကျပ် (၂၀၀၀) ရောင်းချနေရကြောင်း၊ ရောင်းချရာတွင် မြို့မစျေးကြီးနေ့တစ်ရက်လျှင် ကျပ် ၂၀၀၀၀ ခန့်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးဝင်းဌေးထံမှ သိရသည်။

ယခင်အတွင်း ပြောင်း၊ သခွားမွှေး၊ သခွားသီး၊ ပဲတောင့်ရှည်ပင်များကို စိုက်ပျိုးထားရှိပြီး သခွားမွှေး၊ သခွားသီးနှင့် ပြောင်းတို့ကို ယခုအချိန်တွင် ခူးဆွတ်ရောင်းချ နေရကြောင်းလည်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)