တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

တောင်ဥက္ကလာပ  မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုတို့ကို သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သို့ဖြစ်ရာ မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများရှိပါက အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ ပိတ်မိလူနာများအား ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ်မီး အသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ အရေးပေါ်ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်များပြိုလဲသည့် အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့်  Chain Saw များ၊ အရေးပေါ်သုံးပစ္စည်းများ အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌ဇင်မင်းက ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီအသိပေး ပြန်ကြားပြီး  ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အရိုးကျိုးပတ်တီး စည်းနည်းနှင့် CPR သရုပ်ပြခြင်းနှင့် လူနာသယ်ဆောင်နည်းသရုပ်ပြခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ် ဆယ်ရေးပစ္စည်းများ အသုံးပြုပုံသရုပ်ပြခြင်းနှင့် အသက်ကယ်လှေကားအသုံးပြုနည်း သရုပ်ပြခြင်းတို့ကို ပြသကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)