ရန်ကုန် မေ ၁၁
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က အသင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် Member ID အား လက်ကိုင်ဖုန်းထဲသို့ အခမဲ့ထည့်သွင်းပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်အမှတ် ၅၃၊ ၃၇လမ်းရှိအဆိုပါအသင်းချုပ်ရုံးခန်းမ၌ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ MSF အဖွဲ့ချုပ်၏အသင်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာမြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်နိုဝင်ဘာလမှစတင်၍ ယခုအချိန်အထိအသင်းသား ၁၀၀၀၀ ကျော်ကို ထိုးနှံပြီးစီး ခဲ့ပါကြောင်း၊ ထို့ပြင်အသင်းဝင်သင်္ဘောသားနှင့် သင်္ဘောသားမိသားစုများရရှိမည့် ခံစားခွင့်များ ဖြစ်သည့် လက်ကိုင်ဖုန်းအတွင်းသို့ အသင်းသား ID အခမဲ့ထည့်သွင်းပေးခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးမှတ်တမ်းများ၊ သွေးစစ်ဓာတ်ခွဲစမ်းသပ်မှုအဖြေများနှင့် အထွေထွေကျန်းမာရေးစစ်ဆေးမှုများ ကဲ့သို့သော ဆေးမှတ်တမ်းများကို ဖုန်းအတွင်းသို့ ထည့်သွင်း သိမ်းဆည်းနိုင်ခြင်း၊ စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်အစရှိသည်များမှ ခံစားခွင်ရယူရာတွင် အသုံးပြုနိုင်ခြင်း အလားတူ အမွေစားအမွေခံ လက်ကိုင်ဖုန်းအတွင်းသို့လည်း အသင်းသား ID အားအခမဲ့ထည့်သွင်းပေးခြင်း စသည့် အသင်းသားများ၏ အကျိုးကိုရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အသင်းသားများက Member ID အားလက်ကိုင်ဖုန်းထဲသို့ အခမဲ့ထည့်သွင်းပေးခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)