မာန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်းတိုင်းသတိပေးချက်​များဆော်သြ

မာန်အောင် မေ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းဦးဆောင်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းသတိပေးချက် ဆော်သြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့​ ဆော်သြရာတွင် ယနေ့မြန်မာစံတော်ချိန် (၅) နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက် တည်ရှိနေပါသည်။ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း (Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွှေ့နိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ပါသည်။

မုန်တိုင်းအရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း စသည့်နှင့် အတူမြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအ​နေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်အနီးတွင် နေထိုင်သူများအတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ပါရန်နှင့် မိမိတို့နှင့်နီးစပ်ရာ ဆိုင်ကလုန်းချာတာနှင့် ခိုင်ခန့်သော အဆောက်အဦးများတွင် ခိုလုံ နေထိုင်ကြပါရန် အသိပေးဆော်သြခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)