မြင်းခြံမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မြင်းခြံ မေ ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ မြင်းခြံမြို့အတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က "ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းဘေးကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များ၊ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး အိမ်တိုင်း အိမ်တိုင်းတွင် သောက်သုံးရေသန့်များအား မိသားစုဝင်အခြေအနေအပေါ်မူတည်၍ ပလတ်စတစ် ပုံးများဖြင့် စုဆောင်းထားရှိရန်နှင့် ပုံးများအား အသုံးပြု၍ မိမိတို့၏အသက်ကို ကယ်တင်နိုင်ကြောင်း" ဟောပြောခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

မြင်းခြံမြို့ရှိ မြင်းခြံခရိုင် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်စုဖွဲ့ ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း သိရသည်။                                 

ကျော်စွာ(မြင်းခြံ)