ပေါင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုပြုလုပ်

ပေါင် မေ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ‌ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြု ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက လိုက်လံပြုလုပ်ခဲ့ကြသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများတို့ ပူးပေါင်းကာ  အလှပ်ကျေးရွာ၊ ကျွဲခြံကျေးရွာရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့်အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)