သပိတ်ကျင်း မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီက ဆိပ်ကမ်းရပ်ကွက် "မြို့မ"စျေးနှင့် လူစည်ကားရာနေရာများ၊ ဧရာဝတီမြစ်ကမ်းဘေးနေရာများတွင် မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်း၏အန္တရာယ်ကို နားလည်သဘောပေါက်စေရန် အရောင်ဖြင့်သတိပေးစနစ်များ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက မိမိနှင့်အတူအသင့်ထားရှိရမည့် ပစ္စည်းများ၊ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့် အချက်များ၊ လိုက်နာရမည့်အချက်များ၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ထားသော မိုးလေဝသသတင်းများကို စဥ်ဆက်မပြတ် နားထောင်ရန်နှင့် အခြားသူများအားမျှဝေပေးရန် စသည့် အသိပညာဗဟုသုတများပါဝင်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)