မချမ်းဘောမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းတာဝန်များလွှဲပြောင်းပေးအပ်

မချမ်းဘော မေ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ၂၀၂၃-၂၀၂၄ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရာနှုန်းပြည့်အောင်မြင်စေရန် ကြိုးစားဆောင်ရွက်သွားကြဖို့လို အပ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးစာတိုက်၊ စာရင်းစစ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့အား စီမံကိန်းရည်မှန်းချက် တာဝန်များကို အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဟိန်းက. ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ၏ ရည်မှန်းချက်များအား ပြည့် မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့သည်။

မချမ်းဘောမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းအလိုက် စီမံကိန်းရည်မှန်းချက်မှာ စုစုပေါင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကျပ် (၁၉၈၁၈ ဒဿမ၀)သန်း ရရှိရန်ရည်မှန်းထားပြီး စီးပွား ရေးတိုးတက်မှုနှုန်းကို(၂ဒဿမ၆)ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကာ ပြည်နယ်ဘဏ္ဍာရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းလုပ်ငန်းကို ကျပ်သန်းပေါင်း (၃၂၇၄ဒဿမ၁၄၃) ရည်မှန်းထားကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)