အင်းစိန်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေး

ရန်ကုန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းတွင် စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့များ၊ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် လူ၊ ယာဉ်နှင့်စက်ပစ္စည်းများအား ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်က လိုက်လံပြသခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ် နိုင်စေရန်အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး အများပြည်သူများအနေဖြင့်လည်း မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုနိုင်ရန်၊ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွေ့နိုင်ရန်စသည့်တို့ကို နှိုးဆော်ထားရှိပြီးဖြစ်ရာ ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ထားရှိထားကြောင်း သိရသည်။

ဇွဲထက်ကို