မှော်ဘီ မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက အသံချဲ့စက်မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအသိပေးနှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်းတစ်ရပ်ဖြစ်ပေါ်လျက်ရှိပြီး အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပါသဖြင့် မုန်တိုင်းအန္တရာယ်ကျ ရောက်လာပါက ယာယီရွှေ့ပြောင်းနေထိုင်ရာနေရာများသို့ အမြန်ရွှေ့ပြောင်းနိုင်ရေးအတွက်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိပြည်သူများအား သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခဲ့ကြသည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်း၍ သတိပေးထုတ်ပြန်ချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အသံချဲ့စက်များဖြင့် စဥ်ဆက်မပြတ်လှည့်လည်အသိပေးကြေညာလျက်ရှိကြောင်း သိရသည်။
ဝင်းဇော်( ပြန်/ ဆက်)