မူဆယ်ခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် မေ ၁၁

နွေရာသီအကုန် မိုးရာသီအကူးအပြောင်းကာလဖြစ်သည့် မေလအတွင်းတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များအရ သဘာဝဘေးအန္တရာယ်များကို   ကြိုတင်ကာကွယ်ရန်နှင့်ကြိုတင်ပြင်ဆင်ထားရှိရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၈ ရက်နေ့ နေ့လည်(၂း၀၀)အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးပွဲတွင် မူဆယ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ထုတ်ပြန်ချက်များကို သိရှိထားသည့်အတွက်ကြောင့် ကြိုတင်ကာကွယ်ရန်နှင့်ကြိုတင်ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရွှေ့ပြောင်းနေထိုင်မည့်နေရာများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များအနေဖြင့် ပေါင်းစပ်လုပ်ဆောင်ပြီး ကြိုတင်ပြင်ဆင်ကာကွယ်ထားရှိကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဗိုလ်မှူးကြီး ဇော်မင်းထက်က ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ပြင်ဆင်ထားရှိရန်နှင့် မိမိတို့ကာကွယ်ရေးအဖွဲ့ဝင်များအနေဖြင့် လူအင်အားပံ့ပိုးကူညီရန် ကြိုတင်ပြင်ဆင်ထားရှိလျက်ရှိကြောင်း ထပ်ဆင့်ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍လည်း မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးဇော်လင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် မူဆယ်ဒေသအတွင်း သဘာဝဘေး အန္တရာယ်ရိုက်ခတ်နိုင်သော ရက်ကွက်/ကျေးရွာများကို ကြိုတင်အသိပေးပြင်ဆင်ထားရှိမှုတို့ကို ထပ်ဆင့်ပြောကြားခဲ့ပါသည်။ ထို့နောက် မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုးက ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ စက်ကိရိယာများနှင့် စားသောက်ကုန်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ပြီးကျန်းမာရေးဌာနအနေဖြင့် အရေးပေါ်ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်လာပါက နာရီပိုင်းအတွင်း သွားရောက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထားရှိမှုများ၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြေပြိုနိုင်သော မြေနေရာအနေထားများကိုစစ်ဆေးပြီး ကြိုတင်ပြင်ဆင်ထားခြင်း၊ လေပြင်းတိုက်ခက်သည့်အခါ ကျိုးပဲ့ပြီးအန္တရာယ်ဖြစ်နိုင်သော သစ်ပင်အိုကြီးများကို ကြိုတင်ရှင်လင်းခြင်းများ၊ ရေကြီးရေလျှံ၍ မြေပြိုနိုင်သောမြေအနေအထားရှိ ပြည်သူလူထုများကို ကြိုတင်ပြင်ဆင်ထားရှိကြစေရန် တိုက်တွန်းပြောကြားခြင်းများစသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလလယ်ပိုင်းအတွင်း ရိုက်ခတ်နိုင်သော သဘာဝဘေးအန္တရာယ်များအတွက် မူဆယ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)