ပန်းပဲတန်း မေ ၁၁
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာလျှင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းပဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီတွင် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့များမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာလျှင် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ယာဉ်၊ စက်ပစ္စည်းကိရိယာများဖြင့် ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးရေလျှံဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် နေအိမ်တွင်းမှအိမ်ပြင်မထွက်ရန်၊ သစ်ပင်သစ်ကိုင်းများကျိုးကျခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်း၊ ဓာတ်တိုင်များကျိုးကျတတ်ခြင်းများဖြစ်ပေါ်တတ်သဖြင့် လိုက်နာဆောင်ရွက်ကြရန် စသည့်ရှောင်ရှားသင့်သည့်အချက်များကို ဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးဆန်းကြည် (ပြန်/ ဆက်)