မဟာအောင်မြေ မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်မှုဖြင့် မေလဒုတိယအပတ်အတွင်း ဖြစ်ပေါ်လာနိုင်သောဆိုင်ကလုန်းမုန်တိုင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းမှစတင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများအတွင်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက် အသိပေးနှိုးဆော်ရာတွင် ရပ်ကွက်/ ကျေးရွာနေပြည်သူများ အနေဖြင့် မေ လ ၈ ရက်နေ့ မှ ၁၁ ရက်နေ့အထိ တစ်နာရီလျှင် ၁၂၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်သည့် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်ကာကွယ် ပြင်ဆင် သတိပြုနိုင်စေရေးအတွက် မိုးလေဝသနှင့်ဇလဗေဒဌာနမှ ထုတ်ပြန်ထားသော သတင်းအချက်အလက်အရ ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်သည့်ဟု ခန့်မှန်းထားသည့်အတွက် မိဘပြည်သူများမှ အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးများ၊ ရေနှင့် အစားအသောက်များ ကြိုတင်သိမ်းဆည်းစုဆောင်းထားကြရန်၊ မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင်ပြုပြင်ထားကြရန်(သို့မဟုတ်) ခိုင်ခန့်သောအဆောက်အဦးများသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ မြစ်၊ ချောင်းအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ကုန်းတွင်းပိုင်းတွင်ရှိသော ခိုင်ခန့်သောအဆောက်အဦးများသို့ ကြိုတင်ပြောင်းရွေ့နေထိုင်ကြရန်နှင့် မိုးလေဝသသတင်းများအား စဥ်ဆက်မပြတ်နားထောင်ကြရန် ကြိုတင်သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
အောင်ဇော်မင်း