ဒလမြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဒလ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုများကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးပစ္စည်းများ လက်တွေ့စမ်းသပ် အသုံးပြုပုံများကို ရှင်းလင်းပြသသည်။ ဒလမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးကျရောက်လာပါက ပြိုကျအဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် လိုအပ်သောပစ္စည်းများ၊ ပိတ်မိလူနာများကိုဝင်ရောက် ကယ်ဆယ်ရာတွင်အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ် မီးအသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ ပြိုလဲသောသစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့် Chain Sawများ၊ အရေးပေါ်သုံးပစ္စည်းများ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ ဆက်)