တံတားဦးမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေ

တံတားဦး မေ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းနှင့် တာဝန်ရှိသူများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းစဉ်များ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့်အပြုမူများကို သိရှိစေရန်နှင့်နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဉ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်နိုင်ရေးအသိပညာပေးချက်များအား ပြည်သူများမှသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ထို့နောက်မြို့ပေါ်ရပ်များမှ ပြည်သူများ၊ ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်ဘေးနှင့် ရေကြီးခြင်းဘေးတို့မှ ရှောင်ရှား နိုင်စေရန်နှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)