ရန်ကုန် မေ ၁၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စားနပ်ရိက္ခာများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ယမုံနာ(၁)ရပ်ကွက်များရှိ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် လက်တွေ့အသုံးပြုသရုပ်ပြ ဆောင်ရွက်မှုများ၊ စာရေးရိက္ခာများစုဆောင်းထားရှိမှု အခြေအနေများနှင့် ယာယီခိုလှုံရေးစခန်းများဖွင့်လှစ်ထားရှိမှု အခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် မုန်တိုင်းဘေးအန္တရာယ်ကြောင့် ပြည်သူများပျက်ဆီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှုများနှင့် ကယ်ဆယ်ရေးအတွက် လက်တွေ့သရုပ်ပြ ဆောင်ရွက်နေမှုများကိုပါ စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ ဆက်)