သင်္ဃန်းကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

သင်္ဃန်းကျွန်း မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဘေးအန္တရာယ်များစနစ်တကျလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အသီးသီးပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

 ခရိုင်(ပြန်/ ဆက်)