သာစည် မေ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၁)ရပ်ကွက် ဂါတ်တန်းကျောင်းတိုက်၏ အကြိမ် ၃၀ မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး သင်တန်းကို ကြီးကြပ်ဖွင့်လှစ်ပေးသော ဂါတ်တန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုနန္ဒက သင်တန်းဆင်း ဩဝါဒါကထာ မိန့်ကြားသည်။ ဆက်လက်ပြီး သင်တန်း ဖြစ်မြောက်မှုအတွက် ရပ်မိရပ်ဖများကိုယ်စား ဦးခင်းမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ သင်တန်းအကြီးတန်းနှင့်အငယ်တန်းတို့၌ ပထမ၊ဒုတိယနှင့်တတိယဆုရရှိသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ဝင်းနှင့် သင်တန်းဖြစ်မြောက်ရေး အကျိုးဆောင်များက ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် နည်းပြများနှင့်သင်တန်း အကျိုးဆောင်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ၎င်းနောက် သင်တန်းသားတစ်ဦးလျင် ဗလာစာအုပ်နှစ်အုပ်နှင့် ခဲ့တန်တစ်ချောင်းတို့ကို သင်တန်းဆင်းလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အကြိမ် ၃၀ မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် အကြီးတန်း၌သင်တန်းသား/သူ ၂၆ ဦးနှင့် အငယ်တန်း၌ သင်တန်းသား/သူ ၇၉ ဦး တက်ရောက်ခဲ့ကြကာ နည်းပြဆရာတော်နှစ်ပါးနှင့် ဆရာမတစ်ဦးတို့က သင်ကြားပေးခဲ့ပြီး အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များ၌ သင်တန်းကာလနှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)