မရမ်းကုန်း မေ ၁၁
မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃)ကို မရမ်းကုန်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေ့ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က မရမ်းကုန်းခရိုင်အနေဖြင့် မုန်တိုင်းများကျရောက်လာပါက မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်းများ၊ လေတိုက်ခြင်းများ သစ်ပင်များပြိုလဲခြင်းများစသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လာနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ် အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အစုအဖွဲ့များဖြင့် စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မရမ်းကုန်းခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဌာနမှကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ခရိုင်မှူးများက သဘာဝဘေးဖြစ်ပေါ်လေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ အရေးပေါ်အခြေအနေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ မရမ်းကုန်းခရိုင် စီမံခန့်ခွဲမှုအဖွဲ့ဝင် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် သဘာဝဘေးဖြစ်ပွားနိုင်ခြေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးမှုများ အပေါ်ခရိုင်စီမံခန့်ခွဲမှု ဥက္ကဋ္ဌက ဖြစ်နိုင်ခြေများသည့် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များအပြင် မိမိတို့နိုင်ငံတွင် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ခရိုင်၊ မြို့နယ်အသီးသီးနှင့် ချိတ်ဆက်ကူညီပံ့ပိုးပေးနိုင်သည့် တပ်မတော်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ယဉ်မော်(ပြန်/ဆက်)