တကောင်း အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်များရရှိစေရန်၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိကျေးရွာ/ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင် ရုံးများတွင် ကြေညာကပ်ထားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁) ရက်နေ့မှ အောက်တိုဘာ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် (၁၄)ရက်ကြာ ကြေညာကပ်ထားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများကိုလာရောက်ကြည့်ရှုစစ်ဆေးပြီး မိမိ၏ အမည်စာရင်းမပါ၀င်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄- ဂ)ဖြင့်လည်းကောင်း၊ မပါ၀င် သင့်သည့်သူများပါ၀င်နေပါက ပုံစံ (၄) ဖြင့်လည်းကောင်း လျှောက်ထားဆောင်ရွက်နိုင်ပြီး လိုအပ်သည့် ပုံစံများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် (အခမဲ့) ရယူနိုင်ကြောင်းသိရသည်။
သီရိအောင် (တကောင်း)