ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဂုဏ်ပြုဆုပေးအပ်ပွဲ သန်လျင်၌ကျင်းပ

သန်လျင် မေ ၁၁

သန်လျင်ခရိုင်၊ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ထူးချွန်မြို့နယ်များ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက မြစိမ်းရောင်ကျေးရွာစီမံကိန်း ခရိုင်အတွင်းဆောင်ရွက်ခဲ့မှုနှင့် အားသာချက် အားနည်းချက်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာကြသော ခရိုင်မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။

ထို့နောက်ခရိုင်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းတွင် ပထမဆုရကျောက်တန်းမြို့နယ် အဝကောက်ကျေးရွာ၊ ဒုတိယဆုရ ကျောက်တန်းမြို့နယ် စစ်တန်းကျေးရွာနှင့် တတိယဆုရ ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများကို ခရိုင်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)