မိုးနဲမြို့နယ်၌ အသက်(၈၀)နှင့် (၈၅)နှစ် အတွင်းသက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

မိုးနဲ     အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ခံ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများက ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ နောင်ကျော့ရပ်ကွက်ရှိ အသက် (၈၀)နှင့်(၈၅)နှစ် အတွင်းသက်ကြီးဘိုးဘွား လေးဦးကိုလည်းကောင်း ၊ဥယျာဉ်ရပ်ကွက်ရှိ ဘိုးဘွား ၂၂ ဦးကို လည်းကောင်း၊ လွိုင်မြေရပ်ကွက်ရှိဘိုးဘွား ၁၆ ဦးကိုလည်းကောင်း အိမ်တိုင်ရာရောက် သွားရောက်၍ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဘိုးဘွား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းစီဖြင့် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်အတွင်း (ကျိုင်းတောင်းမြို့) အပါအဝင် အသက် ၈၀ မှ ၈၅ နှစ်အတွင်း သက်ကြီး အဘိုး ၅၃ ဦး၊ အဘွား ၈၀ ဦး စုစုပေါင်း ဘိုးဘွား ၁၃၃ ဦးရှိကြောင်း ၊ ကျန်ရှိသောဘိုးဘွားများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)