မြစ်ကြီးနား မေ ၁၀
ကချင်ပြည်နယ် အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ကချင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့သို့တွေ့ဆုံဆွေးရာတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအနေဖြင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက ဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှုရှိစေရေး၊ စနစ်တကျကြိုတင်သိုလောင်ထားရှိနိုင်ရေးအတွက် ရေသန့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ပြည်နယ် အတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းကြောင့် အားကောင်း သော မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ပြည်နယ်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအားဖူနှင့် တာဝန်ရှိသူများက ရေသန့်လုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် အသင်း၏ ရည်ရွယ်ချက်ပါအတိုင်း အများပြည်သူအတွက် ပူးပေါင်းပါဝင်ကူညီ သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေ စနစ်တကျ စုဆောင်းသိုလှောင်ထားနိုင်ရေး ရေသန့်ဘူးများ ထည့်ဝင်လှူဒါန်းသွားနိုင်မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်