နမ္မတူ မေ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ Online စနစ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ညနေ(၄)နာရီအချိန်က နမ္မတူမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က Online စနစ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အများပြည်သူအသိပညာပေး(Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေဦးက မော်တော်ဆိုင်ကယ်စီနင်းသူများအနေဖြင့် လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မောင်းလျှင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် ဆောင်ရွက်သင့်သည့်အချက်များ၊ ယာဉ်မမောင်းမီ စစ်ဆေးဆောင်ရွက်သင့်သည့်အချက်များ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင်နှင့် ဆိုင်ကယ်အား(၂)ဦးထက် ပိုစီးနင်းလျှင် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေနည်းဥပဒေများ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show)အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။
လူမော် (ပြန်/ဆက်)