ပင်းတယ အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုမွန်နှင့် အဖွဲ့ဝင်များတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲစာရင်းများကြေညာထားရှိမှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများတွင် အမည်များပြန်လည်ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်ရန် ကန့်ကွက်ခြင်း၊ မှားယွင်းမှုများကို ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားသူများရှိပါက သတ်မှတ်ပုံစံများဖြင့် ဆောင်ရွက်နိုင်ရေး စသည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် မဲရုံအရေအတွက် (၇၈)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၆၀၃၃၁) ဦးခန့် ရှိကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)