ဝိုင်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဝိုင်းမော်  မေ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက  အဖွင့်အမှာစကား ပြောကြားရာတွင် ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁၁ ရက်နေ့မှ ၁၅ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးမကျရောက်မှီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း၊ သဘာဝဘေးကျရောက်လာပါက လုပ်ဆောင်ရမည့် အချက်များ၊ ကလေးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို လုံခြုံသောနေရာတွင် ထားရှိနိုင်ရေး၊ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေး၊ သတင်းအချက်အလက်များကို ပြည်သူထံသို့ အချိန်မီပြန်ကြားနိုင်ရန်စသည့် အကြောင်းအရာများအားရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်ဦးကြည်ထွန်းမှ မိမိတို့မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီ(၁၂)ဖွဲ့ ဖွဲ့စည်းတာဝန်‌‌ပေးခြင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့(၆)သင်းမှ မိမိတို့ကြိုတင်ပြင်ဆင် စီစဥ်ဆောင်ရွက်ထားရှိမူ အ‌ခြေအ‌နေများကို တင်ပြပြီး သဘာဝဘေး ကျရောက်လာပါက ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမူလျော့ပါး သက်သာ‌စေနိုင်ရန် အကောင်းဆုံးနည်းလမ်းများဖြင့် ကာကွယ်နိုင်ရေး၊ ဖြစ်ပွားပြီးပါက အထိရောက်ဆုံး ကူညီကယ်ဆယ် ထောက်ပံ့ပေးနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးတို့ကိုဆွေး နွေးပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး လိုအပ်သည်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဖြူစင်