ချီဖွေ မေ ၁၀
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးချစ်စမ်းအောင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်သူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြု ရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်း ဘေးအန္တရာယ် သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် တုန့်ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်လျက် ရှိကြောင်းသိရသည်။
ယော်ကိ(ပြန်/ဆက်)