ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်မှုအား ကြည့်ရှုအားပေး

စစ်တွေ    မေ   ၁၀

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့် စစ်တွေခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လေ့ကျင့်သော “မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း”ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ပြုလုပ်ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကကျေးရွာသူ၊ ကျေးရွာသား များအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သော မိုးလေဝသ သတင်းအခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ရန် အသိပေးကြေညာခြင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့်ပတ်သက်သည့် အရောင်အဆင်း သတ်မှတ်ချက် ပြောင်းလဲမှုများနှင့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာခြင်း၊ မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး လိမ္မော်ရောင်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်ဟု သတင်းရရှိမှုကြောင့် ကျေးတောပိုက်ဆိပ် ကျေးရွာအတွင်း တည်ဆောက်ထားသည့် မုန်တိုင်းဒဏ်ခံအဆောက်အဦး Cyclone Shutter ပြောင်းရွှေ့ကြရန် ကြေညာခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခြင်း စသည့်တိုကို ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့ဌာနဆိုင်ရာများသည် ပြည်သူများကို ဝန်ဆောင်မှုပေး နေကြသူများဖြစ်ကြောင်း၊ ယခုဇာတ်တိုက်လေ့ကျင့်သကဲ့သို့ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် အရောင်အဆင့်အလိုက် ဆက်လက်လုပ်ဆောင်သွားကြရမည် ဖြစ် ကြောင်း၊ ကမ်းခြေကျေးရွာ များ၊  ကမ်းခြေနေပြည်သူ၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ထိတွေ့ပြီး  ကူညီကယ်ရေးလုပ် ဆောင်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ကြ စေလိုကြောင်း၊ မိမိတို့ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ကူညီဆောင်ရွက်ပေးကြပါ၊ မုန်တိုင်းစတင် ဖြစ်ပေါ်လာနိုင်သည့် အချိန်မှစတင်ပြီး  ၅ ရက်တာ ကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏လိုအပ်ချက်များကို မေးမြန်ကြပါ၊ ရွှေ့ပြောင်းရမည့် သက်ကြီးရွယ်အိုများ၊ သက်ကြီး၊ ဝါကြီးရဟန်းသံဃာများကို ရွှေ့ပြောင်းပေးနိုင်ရေး ဆောင်ရွက်ကြစေလို ကြောင်း၊ သိုမှသာ ပြည်သူများနှင့်လူမှုရေးအဖွဲ့အစည်းများလည်း မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုလျင် သဘာဝဘေးအန္တရာယ်ကို ထိခိုက်မှုအနည်းဆုံးဖြင့် ဖြတ်ကျော်နိုင် မည်ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များကို ယနေ့မှစ၍ ပြည်သူများနှင့်အတူ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးက သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇာတ်တိုက်လေ့ကျင့်ခန်းတွင်ပါဝင် ဆောင်ရွက်ကြသူများအတွက် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျေးရွာတွင် အသင့်ပြင်ဆင် ထားသည့် ယာယီခိုလှုံရာအဆောက်အဦအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ မုန်တိုင်းအန္တရာယ်ကျရောက် လာပါက ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေ ရေးအတွက် ဂြိုလ်တုစနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရွှေ့လျားဆက် သွယ်ရေးကား စီစဉ်ဆောင်ရွက် ထားရှိမှု   အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့Command Post တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်‌တွေ့ဆုံသည်။

တွေ့ဆုံစဉ်ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေကြောင့် လေပြင်းတိုက်ခတ်မှု၊ မိုးကြီးနိုင်မှု၊ ရေကြီးနိုင်မှုများ ဖြစ်ပေါ်လာနိုင် ကြောင်း လမ်းညွှန်မှာကြားမှုများရှိသကဲ့သို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှလည်း အချိန်နှင့် တပြေးညီထုတ်ပြန်နေပါကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် တိုင်းစစ်ဌာနချုပ်/နယ်မြေခံတပ်များနှင့်ပူးပေါင်းပြီး သဘာဝဘေးကြို တင်ကာကွယ်ရေးအတွက် စီမံဆောင် ရွက်လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းမကျ ရောက်မီကြိုတင်ကာကွယ်ရမည့်အပိုင်းများ၊ အရေးပေါ်ဆောင်ရွက်ရမည့်အပိုင်းများ၊ အရေးကြီးကာလများနှင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရမည့်အပိုင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများအထိ ဖွဲ့စည်းထားသည့်အတွက် ပြည်သူများထဲသို့ ထဲထဲဝင်ဝင် သွားရောက်တွေ့ဆုံကာ ရွှေ့ပြောင်းကူညီဆောင်ရွက်ရမည့် ကိစ္စများကို ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် Video conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အလိုက်သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေး သည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ သဘာဝဘေးမုန်တိုင်းအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်နယ်များရှိ နယ်မြေခံတပ်မတော်သားများ၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များဖြင့် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိသည်။ ထို့အပြင် သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသများမှပြည်သူများ ယာယီခိုလှုံနေထိုင် ရန်အတွက် ဆိုင်ကလုန်းရှပ်တာ အဆောက်အဦများ၊ ယာယီခိုလှုံရာစခန်းများ အသင့်သတ်မှတ် ဆောင်ရွက်ထားရှိကာ လတ်တလော နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စားနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ အသင့်သိုလှောင် စုပုံထားရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်၊ ရေယာဉ်များအသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)