ပင်းတယ အောက်တိုဘာ ၆
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည့်သူဆေးရုံ ဝင်းအတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် အောက်တိုဘာလပထမပတ်မှ စတင်၍ ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ သားဖွားဆရာမများနှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)များမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လာရောက်ဆောင်ရွက်သည့် မိဘများနှင့် ကလေးငယ်များအားလုံး နှာခေါင်းစည်းတပ်ဆင်လာကြရန်နှင့် စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်လည်း စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)