မြစ်ကြီးနား မေ ၁၀
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်ထောင်စုများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံရာစခန်းများတွင် ၁၀ နှစ်ကျော်ကြာ ကြံ့ကြံ့ခိုင်နေထိုင်လာခဲ့ကြသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒါ့အပြင် နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား နေရပ်ကျေးရွာများတွင် ပြန်လည်အခြေချနေထိုင်ရာတွင်လည်း နေထိုင် စားသောက်ရေး၊ ရေ၊ မီး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ မိမိတို့အနေဖြင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် သွားမည့်အပြင် မိသားစုများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း အားပေးမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက အဆိုပါ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းရှိ အိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ (၁၆၀၉) ဦး တို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၄၈၆)အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ (၂)ပတ်စာအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၆၇၅၇၈၀၀) ကျပ်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် ၇၅၀၀၀၀၀ တန်ဖိုးရှိ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲစသည့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နောင်ဟီး IDPs စခန်းမှ ၎င်းတို့၏ မူလနေရပ် အမှတ်(၃)ရပ်ကွက်သို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၇)ဦးတို့ အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင်ငွေကျပ် (၁)သိန်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာစီတို့ ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် (၂၂၃၂၀၀၀)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ဆန်ရိက္ခာဘိုးငွေကျပ် (၅၁၃၀၀၀)၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး စခန်းများနေ အိမ်ထောင်စုများက လျှပ်စစ်မီးလိုအပ်ချက်၊ လမ်းကောင်းမွန်ရေး၊ ကလေးငယ်များ ပညာရေးနှင့် ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်