မြေပုံ မေ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ ရှိ ကျေးရွာများတို့တွင် လှည့်လည်နှိုးဆော်လျက်ရှိသည်။
မြေပုံမြို့နယ်သည် ပင်လယ်ကမ်းခြေမြို့နယ်တစ်ခုဖြစ်၍ မုန်တိုင်းအန္တရာယ်ကို အထူးစိုးရိမ်ကာ ကြိုတင်ကာကွယ်ဆောင်ရွက်ရန် အဓိကလုပ်ဆောင်လျက်ရှိရာ မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှု ကော်မတီမှ မုန်တိုင်းသတင်းအား ပြည်သူများ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီသို့ ညွှန်ကြားထားရှိကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည်။
မိုချာမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကြား ကုန်းတွင်းပိုင်းသို့ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်နိုင်၍ မိဘပြည်သူများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်လာနိုင်၍ မြစ်ကမ်းဘေး နေထိုင်သူ၊ မြေနိမ့်ပိုင်းနေထိုင်သူများတို့က မုန်တိုင်းမဖြတ်ကျော်မီ အချိန်အတွင်း ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြရန်၊ မုန်တိုင်းဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင် ကြရန်၊ မိမိ မိသားစုနှင့်ကိုက်ညီသည့် စားနပ်ရိက္ခာများကို (၂)ရက်စာ စီစဉ်ထားရန်၊ အရေးကြီး စာရွက်စာတမ်းများအား ရေစိုခံနိုင်အောင် စီစဉ်ထားရန်၊ ရေလုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် ကမ်းနီး/ကမ်းဝေးသို့ ငါးရှာထွက်ခြင်း၊ ခရီးသွားခြင်းများ မပြုလုပ်ကြရန်၊ မိုးလေဝသတင်းနားထောင်ပြီး ကြိုတင်စီစဉ်စရာ ရှိသည်များကို အလေးထား စီစဉ် ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ကြောင်း သိရသည်။
တင်ဝင်း