ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၆
ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ (၅)ရက် နေ့၊ နံနက်ပိုင်းက နေပြည်တော် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်း ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကွင်းဆင်းဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ရာတွင် နေပြည်တော် ကိုဗစ်-၁၉ရောဂါ တိုက် ဖျက်ရေးအဖွဲ့မှ ဒေါက်တာထွေးမြစိုး၊ ဒေါက်တာသူရိန်အောင်နှင့် မြို့နယ်တာဝန်ရှိသူများက ထန်းတပင် မြို့နယ်ပြည်သူ့ဆေးရုံ၊ တက်သစ်တိုက်နယ်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ နှင့် အခြေခံပညာကျောင်း Quarantine စင်တာ လေးခုသို့ သွားရောက်ကာ စင်တာများတွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို ဆန်းစစ်လေ့လာ ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စင်တာမှတာဝန်ရှိသူများအား ရောဂါကြိုတင် ကာကွယ် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးမှုများကို ဆောင်ရွက် ခဲ့ကြသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေး ကြိုတင် ကာကွယ် သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ထန်းတပင်မြို့နယ် ပြည်သူ့ ဆေးရုံ၊ တက်သစ်တိုက်နယ်ဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာနှင့် အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ခွဲ) ရိုးခွ၊ အ.ထ.က(ခွဲ) အုတ်ဖိုနှင့် အ.လ.က(ခွဲ) ရွာသစ် အခြေခံပညာ ကျောင်း (အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာ)များတွင် အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်ထားရှိပြီး အဆိုပါ ဆေးရုံများနှင့် စင်တာများတွင် Quarantine ဝင်ရောက်နေသူဦးရေ(၂၅၀)ဦးထိရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)