ရန်ကုန် မေ ၁၀
မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ စစ်ရေးပြကွင်းတွင် ယာဉ်/စက်ပစ္စည်းကိရိယာများ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်လာပါက သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက အသုံးပြုမည့်ကူညီကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ စက်ယန္တရားများ၊ ယာဉ်များ၊ ထောက်ပံ့ပစ္စည်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး