ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းအေးသာစံ   မေ  ၁၀

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ "မုန်တိုင်းဘေးပညာပေး" လက်ကမ်းစာစောင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ " မုန်တိုင်းအန္တရာယ်လျော့ပါးရေးပညာပေး" လက်ကမ်းစာစောင်တို့ကို ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်ရှိ လူသွားလူလာများသော စျေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းများတွင် အခမဲ့ဖြန်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအကြောင်း၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ နှင့် အရောင်အညွှန်းဖြင့် လုပ်ဆောင်ရမည့် အချက်များအကြောင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊  မုန်တိုင်းကျရောက်သည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံ မုန်တိုင်းရာသီအကြောင်း၊ မြန်ကမ်းရိုးတန်းသို့ ၁၈၇၇ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မုန်တိုင်းများ ဖြတ်ကျော်မှု ရာခိုင်နှုန်းများ၊ မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ဘင်္ဂလား ပင်လယ်အော်ကို ပိုင်းခြားထားသည့် အပိုင်း ၆ခုနှင့် မုန်တိုင်းကြောင့် မြင့်တက်လာသည့် ရေလှိုင်းများအကြောင်း စသည့် အကြောင်းအရာများပါဝင်ပြီး ယင်းအသိပညာပေး လက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ သိရှိစေရန် အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်