ဂွ မေ ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများအား မုန်တိုင်းခိုလုံရာ နေရာနေရာများတွင် အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေးအတွက် စာသင်ကျောင်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများသည် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက မိမိတို့နှင့်နီးစပ်ရာ စာသင်ကျောင်းများ(သို့မဟုတ်) ဘုန်းတော်ကြီး ကျောင်းသို့ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေးနှင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ဂွမြို့နယ်အနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက လုံခြုံစိတ်ချစွာ ပြောင်းရွှေ့နေထိုင် နိုင်ရေးအတွက် ရပ်ကွက်/ အုပ်စုကျေးရွာများတွင် မုန်တိုင်းခိုလုံရာနေရာ (၁၁)နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်