ခရမ်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် ကာကွယ်ရေးသုံးပစ္စည်းများစုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးတွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများရှိပါက အဆိုပါ အဆောက်အအုံအတွင်း ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ရန်အတွက် Hydraulic Cutter ၊ Hydraulic Rank ၊ Spreater ၊ Hydraulic Bag ၊ Hydraulic Tool များ၊ ပိတ်မိလူနာများ ဝင်ရောက်ကယ်ဆယ်ရာတွင် အသုံးပြုသည့် အသက်ရှူကိရိယာများ၊ အရေးပေါ်မီးအသုံးပြုရန်အတွက် Area Lighting နှင့် မီးစက်များ၊ အရေးပေါ်ကယ်ဆယ်ရေးကြိုးများ၊ သစ်ပင်များပြိုလဲသည့်အခါ သစ်ပင်များကို ဖြတ်တောက်ရှင်းလင်းရာတွင် အသုံးပြုသည့် Chain Saw များ၊ ဆော်ဒီတဲအစရှိသည်တို့ကို အသင့်စုဖွဲ့ဆောင်ရွက်ထားရှိခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုဖွဲ့ခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဖြူရောင်နှလုံးသား ပရဟိတအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ လေ့ကျင့်ဆောင်ရွက်ကြရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )