မလှိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း သဘာဝဘေးအမျိုးမျိုးနှင့် ကပ်ရောဂါဘေးတို့မှ ကင်းဝေးစေရန်အတွက် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းများကို (၉.၅.၂၀၂၃)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၆)အုပ်စု အားလုံးတို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဘုရားကန့်တော့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဥက္ကံသထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ အန္တရာယ်ကင်း ပရိတ်တရာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့သို့ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကမ္ဘာသူ/ကမ္ဘာသားများ ၊ မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသားများ သဘာဝ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ သုဓမ္မဒိန္နာ (ထန်းလုံးဓမ္မာရုံ)တို့တွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဥက္ကံသ အမှူးပြုသော ပင့်သံဃာ(၅)ပါးတို့က တစ်ချိန်တည်း တစ်ပြိုင်တည်း အချိန်ကိုက် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ တစ်မြို့နယ်လုံးတစ်ချိန်တည်း ရွတ်ဖတ် ပူဇော်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဦးဆောင်၍ မြို့နယ်သံဃနာယကအဖွဲ့ထံ လျှောက်ထားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရွတ်ဖတ်ပူဇော်ခြင်းအပြင် ကျေးရွာခွဲနှင့် ရပ်ကွက်ငယ်များတွင်လည်း အန္တရာယ်ကင်း ပရိတ်တရားတော်များကို ဘုရားစေတီများတွင်လည်း နံနက်(၇)နာရီအချိန်တွင် တစ်ပြိုင်တည်း အသံချဲ့စက်များဖြင့် ဖွင့်လှစ်ပူဇော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွတ်ဖတ်ပူဇော်ပွဲအပြီးတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥက္ကံသ အမှူးရှိသော ပင့်သံဃာ(၅)ပါးတို့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝတ်အသင်းတို့မှ ကပ်ရောဂါဘေး အမျိုးမျိုး ကင်းရှင်းစေရန် ဆုတောင်းခြင်းနှင့် အမျှအတန်းပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)