ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဝမ်းတွင်း မေ ၁၀

သာသနာနှစ်(၂၅၆၇)ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆုတ်(၇)ရက်၊ မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ် သံဃာနာယကအဖွဲ့မှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်မှ လွတ်ကင်းရန်နှင့် ဘေးအန္တရာယ်အပေါင်းကင်းဝေးစေရန် ရည်ရွယ်ကာ သဲတောမြို့အမှတ်(၁) မြတ်ဘုန်းရှင်ကျောင်းတိုက်၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သော နေ့/ည အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ  ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်(၈)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတာ်အရှင်မြတ်များနှင့်ဒကာ၊ ဒကာမအပေါင်းသူတော်ကောင်းတို့မှ  “နမောတဿ“သုံးကြိမ်ရွတ်ဆို၍  စတင်ဖွင့်လှစ်ပေးခဲ့သည်။  ထို့နောက်   မြတ်ဘုန်းရှင်ကျောင်းတိုက်  ဆရာတော်   မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဦးနန္ဒာစရိယမှ  ငါးပါးသီလချီးမြှင့်ပေးပြီး သြဝါဒတရား  မြွက်ကြားပေးခဲ့သည်။

ဆက်လက်၍  ဆရာတော်ဦးကဝိမှ  ပဌာန်းရှိခိုးဂါထာဖြင့်   ပဌာန်းကျမ်းတော်မြတ်ကြီးကို  ရှိခိုးပူဇော်ခြင်း၊ ဆရာတော်ဦးသုစာရိန္ဒမှ  ပဌာန်းတရား နာကြား နိုင်ရန်အတွက်  နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ဆရာတော် ဦးတေဇနိယအရှင်သူမြတ်မှ ပဌာန်းကျမ်းတော်ကြီးကို ရွတ်ဖတ်ပူဇော်နိုင်ရန် တိုက်တွန်း နှိုးဆော်လွှာဂါထာကို ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။

ထို့နောက် သံဃာ‌‌‌တော်များနှင့် လူပရိတ်သတ်အပေါင်းတို့မှ ပဌာန်းပစ္စယုဒ္ဒေသပါဠိကို ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျပဌာန်းဘာဏက သံဃာတော် အရှင်မြတ်များမှ  နှစ်ညသုံးရက် တိုင်တိုင်ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ သံဃာ‌‌‌တော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပဌာန်းတရားနာပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)