ပူတာအို မေ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်ထုများအတွင်း အားကစားစိတ်ဓါတ် ထက်မြက်ရှင်သန်လာစေရန်၊ လူငယ်ထုများအတွင်း စည်းလုံးချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်စေရန်နှင့် မိမိဒေသ ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့် လှုပ်ရှားမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်သည့် မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ယခု ယူ-၂၃ပြိုင် ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားသမားပေါင်း (၃၀၀)ဦး နီးပါးဝင် ရောက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ကြရာတွင် အားကစားစိတ်ဓါတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ရည်ရွယ်ချက် ကြီးကြီးမားမားထားပြီး ရေရှည်တည်တံ့သော အားကစားသမားကောင်းတစ်ဦး ဖြစ်လာနိုင်ရန် အထူးသတိပြု ယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ ဘောလုံးအားကစားသည် စုပေါင်းလုပ်ဆောင် ပါဝင်ကြသည့် ကစားနည်းဖြစ်သဖြင့် ပြိုင်ပွဲစည်းကမ်းများကို စနစ်တကျလိုက်နာပြီး အခြေခံကောင်းများ တည်ဆောက်ကြရန်လည်း အထူးမှာကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုကြပြီး ရဝမ်ရိုးရာယဉ်ကျေးမှု အကပဒေသာများနှင့် အေရိုးဗစ်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ ဇရာအိုအသင်းနှင့် ပူတာအိုမြို့နယ် လက်ရွေးစင် ယူ-၂၀ အမျိုးသမီး လူငယ်ဘောလုံးအသင်းတို့က ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြသည်။
ထို့နောက် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌက ကမ္ဘောဒီးယား၊ ဂျပန်၊ ပါကစ္စတန်နိုင်ငံများသို့ ယူ-၂၀ မြန်မာနိုင်ငံအမျိုးသမီးဘောလုံးအသင်းမှ ပါဝင်ကစားခဲ့သော မဇခါရ်ရိုဇီအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ကွင်းဖွင့်ပွဲအနေဖြင့် ချစ်ကြည်ရေး ကစားခဲ့ကြသော ဇရာအိုအသင်းနှင့် ပူတာအိုမြို့နယ် လက်ရွေးစင် ယူ-၂၀အမျိုးသမီး လူငယ်ဘောလုံးအသင်းအား လည်းကောင်း၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က ရဝမ်ရိုးရာယဉ်ကျေးမှု အကပဒေသာအဖွဲ့နှင့် အေရိုးဗစ်အကအဖွဲ့အားလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ ကွင်းဖွင့်ပွဲ အနေဖြင့် မဒမ်ရှန်ဂေါင်ဘောလုံးအသင်းနှင့် အောက်ရှန်ဂေါင်ဘောလုံးအသင်းတို့ ယှဉ်ကစားကြရာ အောက်ရှန်ဂေါင် ဘောလုံးအသင်းက ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဖလား ယူ-၂၃အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃)သင်းတို့က မေလ(၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)